Language: EN MM

ပွဲအကြောင်း

နိုင်ငံတကာ ဝေဖန်ရေးဆရာတွေဟာ ဝူဂန်လိုက်ကို ကျွန်တော်တို့ခေတ်ရဲ့ အရေးပါဆုံး ထိပ်တန်း အနုပညာရှင် ၁၀၀ ထဲမှာ ထည့်သွင်းထားပါတယ်။ ၂၀၁၃ ခုနှစ်တုန်းက နယူးယော့ခ်က မော်ဒန်အနုပညာပြတိုက် (MoMA) ဟာ သူ့လက်ရာတွေကိုပဲ တစ်ကိုယ်တော်ပြပွဲလုပ်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် အောက်တိုဘာတုန်းက အနုပညာဆိုင်ရာ နိုဘယ်ဆုလို့ပြောကြတဲ့ Japanese Praemium Imperiale ဆုကို လက်ခံရရှိခဲ့ပါတယ်။

ဝူဂန်လိုက်ရဲ့ လက်ရာတွေဟာ အများအားဖြင့် ပန်းပုတွေနဲ့ အင်စတော်လေးရှင်းအနုပညာတွေဖြစ်ပါတယ်။ ကမ္ဘာ့အနုပညာဈေးကွက်က သမာရိုးကျအမျိုးအစားတွေကို မသုံးပါဘူး။ တည်ငြိမ်ပြီး မီနီမယ်ဆန်ပါတယ်။ မရှိမဖြစ်ဆိုတဲ့ အဓိကျမှုကိုပဲ လျှော့ချလုပ်ဆောင်ထားတာဖြစ်ပါတယ်။ ပန်းဝတ်ဆံ၊ ပျားဖယောင်း၊ နွားနို့၊ ရှင်းလင်းတဲ့ စကျင်ကျောက်လို ဘဝရဲ့ တန်ဖိုးအရှိဆုံးပစ္စည်းတွေကိုပြင်းပြတဲ့အလှတရားပုံသဏ္ဍန်တွေအဖြစ် ပြောင်းလဲထားတာ ဖြစ်ပါတယ်။

ဒီလက်ရာတွေဟာ ကျွန်တော်တို့ကမ္ဘာကြီးကို စိတ်ပိုင်းဆိုင်ရာအရမြင်ပုံမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ပါတယ်။ သူတို့ရဲ့ ရုပ်ပိုင်းပစ္စည်းမဟုတ်မှုကနေ ကျွန်တော်တို့ ဘေးပတ်ဝန်းကျင်မှာရှိတဲ့ အရာတွေရဲ့ မျက်နှာပြင်အောက်က ရှင်သန်မှုအဓိပ္ပါယ်ကို ဖော်ပြနေတာလည်းဖြစ်ပါတယ်။ လူငယ်ဘဝကတည်းက ဝူဂန်လိုက်ဟာ အာရှဒသနနဲ့ ဘာသာရေးကို စိတ်ဝင်စားခဲ့တာဖြစ်ပါတယ်။ အိန္ဒိယတောင်ပိုင်းမှာရှိတဲ့ သူ့ကိုယ်ပိုင်မြေမှာ သူ့ရဲ့ဘဝတစ်စိတ်တစ်ပိုင်းကို ကုန်ဆုံးသူလည်း ဖြစ်ပါတယ်။

အိန္ဒိယမှာ အခြေမချခင်က သူဟာ မြန်မာနိုင်ငံကိုလာပြဖို့ စဉ်းစားခဲ့ပါသေးတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဒီအစီစဉ်ဟာ အကောင်အထည်မပေါ်ခဲ့ပါဘူး။ ဒါပေမယ့် ဒီနိုင်ငံမှာ သူ့အနုပညာကို လာပြဖို့ဟာ သူ့ရဲ့အိမ်မက်အဖြစ် ရှိခဲ့ပါတယ်။ သူ့ရဲ့လက်ရာတွေဟာ ကြည့်ရှုသူတွေပေါ်မှာ သက်ရောက်မှုရှိဖို့ နေရာအကျယ်ကြီးလိုတာ ဖြစ်ပါတယ်။

လိုက်ရဲ့ မြန်မာနိုင်ငံနဲ့ နီးစပ်မှုနဲ့ သူ့အနုပညာကို ပြသချင်ခဲ့မှုဆိုတဲ့ ဒီနှစ်ချက်ဟာ အခု ဝန်ကြီးများရုံးမှာ ပြသရတဲ့ အခြေခံအကြောင်းရင်းတွေလည်း ဖြစ်ပါတယ်။

The Goethe-Institute Myanmar ဟာ ဂျာမနီနီုင်ငံက နိုင်ငံခြားဆက်ဆံရေးဆိုင်ရာ အင်စတီကျူတို့နဲ့ ပူးပေါင်းပြီး လိုက်ရဲ့လက်ရာတွေကို မြန်မာနိုင်ငံဆီသယ်ဆောင်လာတာ ဖြစ်ပါတယ်။

The Goethe-Institute နဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ Anawmar Art နဲ့ Myanmar Heritage Preser-vation Limited တို့က ဒီထူးခြားတဲ့ပွဲကို လာရောက်ဖို့ သင့်ကို ဖိတ်ခေါ်ချင်ပါတယ်။

“Where the Water and the Land End“ ဆိုတဲ့ ဝူဂန်လိုက်ရဲ့ ပြပွဲကို ရန်ကုန်ဝန်ကြီးများရုံးမှာ ၂၀၁၇ ဇန်နဝါရီ ၁၄ ရက်နေ့၊ နေ့လယ် ၂ နာရီ ၃၀ မှာ ဖွင့်လှစ်မှာဖြစ်ပါတယ်။ နေ့စဉ် မနက် ၁၀ နာရီမှ ညနေ ၅ နာရီထိ ပြသမှာလည်း ဖြစ်ပါတယ်။

မျှဝေရန်     

Share